သနပ်ပင်မြို့နယ်၌ 2019 Novel Corona Virus အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သနပ်ပင် ဖေဖော်ဝါရီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော 2019 Novel Corona Virus အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲအခမ်းအနားတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သနပ်ပင်မြို့နယ် ကျန်းမာရေး ဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစံကြည်မှ “၂၀၁၉ Novel  Corona  Virus  အဆုတ် ရောဂါဖြစ်ပွားသူ၏ ရောဂါလက္ခဏာတို့မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲလာခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပေါ်တတ်ပြီး  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှ အဆုတ်သာမက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုပါ ထိခိုက်လာသည့် လက္ခဏာများ ရှိတတ်ကြောင်း၊ ရောဂါ ကာကွယ် နည်းလမ်းများမှာ  အထူးသဖြင့် ရောဂါခံစားနေသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှရှောင်သင့်ကြောင်း၊  လက်ကို စင်ကြယ်အောင် စနစ်တကျဆေးကြောခြင်း၊  လူထူထပ်သော နေရာများသွားလာခြင်းမှ ရှောင်သင့် ကြောင်း၊ ရောဂါပိုးများ မဝင်အောင် နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ကာကွယ်ခြင်း အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ တိရစ္ဆာန်များနှင့် အကာ အကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်း စသည့်တို့ကို  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

လှမိုး(ပြန်/ဆက်)