ထားဝယ် ဖေဖော်ဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီး တန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမအကြိမ်မြောက် ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံး ပြိုင်ပွဲသည် ဌာနဆိုင်ရာအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ ဝန်ထမ်းများအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုရရှိပြီး အလုပ်ခွင်တွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အလားအလာရှိသော ဖူဆယ်ဘောလုံးသမားများ ထွက်ပေါ်လာရေးနှင့် ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်၍ ကျင်းပသည်ပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် အနိုင်/အရှုံး တစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်သည်မျိုး မဟုတ်ဘဲ မိမိဌာန၏ဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွက်ရေးနှင့်သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေလိုက်နာတတ်မှုစသည့် အခြေခံကောင်းများကို အစွမ်းကုန် ဖော်ထုတ်ပြသရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲကနေ အရည်အချင်းရှိသည့် ဖူဆယ်ဘောလုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ဖူဆယ်ဘောလုံး အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံ အရှုံးမပေးသော အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက်ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနအသင်းနှင့် စည်ပင်သာယာရေး အဖွဲ့အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ စည်ပင်သာယာရေးအဖွဲ့ အသင်းက (၉)ဂိုး ( ၀ ) ဂိုးဖြင့် အနိုင်ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၈)သင်းဖြင့် မတ်လ(၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)