လှိုင်းဘွဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲ ကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲကို လှိုင်းဘွဲမြို့ (က) ရပ်ကွက် ပြည်သူ့ပန်းခြံရှေ့တွင် ယနေ့ နံနက် (၈) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲတွင် ကော့လှိုင်းကျေးရွာ ဆရာတော် ဦးဇောတိကမှ တိုင်းပြည်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲပြီး တိုင်းရင်း သား အချင်းချင်း စည်းလုံးညီညွတ်မှု ရှိမှသာ တိုင်းပြည်၏ အမျိုး၊ ဘာသာ၊ သာသနာတော်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထာဝစဉ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း သြဝါဒစကား မိန့်ကြားတော်မူခဲ့သည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ တပ်ခွဲတပ်ကြပ်ကြီး (အငြိမ်းစား) ဆရာကြီး ဦးလင်းခိုင်က  ပြည်သူ့စစ်မှုထမ်းဥပဒေကို (၁၉၅၉) ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး (၂၀၁၀) ခုနှစ်၌ ပြန်လည်ပြင်ဆင်ရေးဆွဲထားရှိခဲ့ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်ဖို့ လုံလောက်သည့် အင်အားရှိရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း လုံလောက်သည့် အင်အားရှိရန်လိုအပ်ကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ  ဥပဒေအခန်း (၁)၊ ပုဒ်မ (၄)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်  နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တဝှမ်းလုံး၌ တည်သည်ဟု ပြဋ္ဌာန်းထားခဲ့ကြောင်း၊   ပြည်သူ့စစ်မှုထမ်းဥပဒေ၏  ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခံရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဝိုင်းဝန်းထောက်ခံပေးကြရမည့် အကြောင်းများကို ဆွေးနွေးဟောပြောပေးခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ကော့လှိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောအောင်ကျော်မိုးမှ ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေ ပြည်သူလူထုများက “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာကို သင်ကြစို့”၊“တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပါသည်”၊“ဒို့တာဝန်အရေး(၃) ပါး တည်တံ့ခိုင်မြဲဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြပါစို့” စသည့် ကြွေးကြော်သံပိုစတာ ဗွီနိုင်များကို ကိုင်ဆောင်ကြ၍  “ ပြည်ထောင်စုမပြိုကွဲရေး(ဒို့အရေး)” “တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး (ဒို့အရေး)”၊ “အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး (ဒို့အရေး)”၊ “ပြည်သူ့စစ်မှုထမ်း ဥပဒေကို (ထောက်ခံပါသည်)” ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စုစုပေါင်း ပြည်သူအင်အား (၅၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)