ပခုက္ကူမြို့၊ အမှတ်(၁) မြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်

ပခုက္ကူ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီ ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ပခုက္ကူမြို့၊ အမှတ်(၁) မြို့မဈေးကြီး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းလာစေရေး ပလတ်စတစ်ပစ္စည်းများသုံးစွဲခြင်း မပြုလုပ်ရန်၊ ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူများဖြင့်သာ ထုပ်ပိုးရောင်းချခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်သွားရန်၊ လတ်ဆန်သန့်ရှင်သော အသား/ငါး၊ အသီးအရွက်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ကြရန် စသည့်အချက်များကို အသိပညာပေးရှင်းလင်း ဟောပြောကြသည်။

ထို့နောက် တာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူစသည့် ပလတ်စတစ်ပစ္စည်း အစားထိုးပစ္စည်းများကို ဈေးရောင်းဈေးဝယ် ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)