သရက်ချောင်း ဖေဖော်ဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် ဝေါလ်ဗွီရှင် (မြန်မာ) အဖွဲ့မှ လှူဒါန်းသည့် မွေးကင်းစကလေးအသားဝါ ရောဂါကု မီးရောင်ခြည်စက် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက်(၉) ရပ်၌ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျိုးဝင်မည့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မွေးကင်းစကလေး အသားဝါရောဂါကု မီးရောင်ခြည်စက် ပေးအပ်လှူဒါန်းခြင်းဖြင့် မြို့နယ်အတွင်း မွေးကင်းစကလေးများ၏ ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝေါဗီရှင်စီမံချက်မန်နေဂျာ ဒေါက်တာပြည့်ဟိန်းကျော်မှ သရက်ချောင်း မြို့နယ်အတွင်း ဝေါဗီရှင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တက်ရောက်လာသူများအား အကျဉ်းချုံး ရှင်းလင်းတင်ပြခဲ့ပြီးနောက် မွေးကင်းစကလေး အသားဝါရောဂါကု မီးရောင်ခြည်စက်အား ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက လက်ခံခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက မွေးကင်းစကလေး အသားဝါရောဂါကု မီးရောင်ခြည်စက် လှူဒါန်းပေးသော ဝေါလ်ဗွီရှင် (မြန်မာ)အဖွဲ့နှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားပြီး မွေးကင်းစကလေး အသားဝါရောဂါကု မီးရောင်ခြည်စက် အသုံးပြုပုံအား ရှင်းလင်းပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)