ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး  နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)  လုပ်ငန်းရှင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြို့နယ်အတွင်း (MSMEs)  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထောက်ပံ့ထုတ်ချေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ခင်ဝင်းမာ (လင်းရောင်ခြည် ယိုစုံလုပ်ငန်း) အတွက် ချေးငွေကျပ်သိန်း (၃၀၀) ၊ ဒေါ်ဖြိုးပပအောင် (ရွှေလွန်းဖြူချည်ထည်လုပ်ငန်း)အတွက် ချေးငွေကျပ်သိန်း (၂၀) နှင့် ဒေါ်ခိုင်ရည်မွန် ( ရွှေလာဘ်အိမ် ချည်ထည်လုပ်ငန်း) အတွက် ချေးငွေကျပ်သိန်း (၂၀) စုစုပေါင်း ကျပ်သိန်း  (၃၄၀) တို့အား လုပ်ငန်းရှင်များ လက်ဝယ်သို့ သတ်မှတ်စာချုပ်စာတမ်းများ ပြည့်စုံစွာဖြင့် ထောက်ပံ့ထုတ်ချေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ( မြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs)  လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ )  ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွှေတောင်မြို့နယ်အတွင်းမှ (MSMEs)  လုပ်ငန်းရှင် (၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ဆက်)