စလင်း ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်က မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး၊ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာန အ.ထ.က (၁)ကျောင်း၌ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းတို့မှ ပူးပေါင်းပါဝင်၍ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောင်းအတွင်း၊ အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မီးချိတ်၊ မီးခပ်၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အလွယ်တကူ မြင်နိုင်သည့်နေရာတွင် ချိတ်ဆွဲထားရှိရေး၊ အမြင့်တင်ရေကန်နှင့် ရေလှောင်ကန်များတွင် ရေများအသင့်ရှိစေရေး၊ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရန်အချက်များအား စစ်ဆေးခဲ့သည်။
ဆက်လက်၍ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စျေး၊ ဆေးရုံ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် သာသနိကအဆောက်အဦများနှင့် စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်