ချောက် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ချောက်မြို့နယ် ဂွေးချိုကျေးရွာ အေးစေတီဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲမှူး၊ ရဲမှူးဝင်းကျော် နိုင်ငံတော်လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအကြောင်းများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ အာကာကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များလည်းကောင်း၊ ဒုလဝကမှူး သန်းစိုးက ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ခွင့်ပြုပေးနေမှုအပိုင်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး သန့်ဇင်ထူးက စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)