ရေနံချောင်း ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်ရည်ရွယ်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများကို မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီက ရွှေကြာငုံရပ်ကွက်နှင့် ဆုံတိုက်ရပ်ကွက်တို့ရှိ ဓမ္မာရုံများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်က အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းရမည့် အသက်အရွယ်၊ အချိန်ကာလသတ်မှတ်ချက်၊ ကင်းလွတ်ခွင့်ပြုနိုင်သည့်အချက်များ၊ အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)