ဆင်ပေါင်ဝဲမြို့နယ်၌ နွေစပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး စိုက်နည်းစနစ် ပြောင်းလဲပြုပြင်မှုများအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရေသွင်းပျိုးထောင်ထားရှိသည့် နွေစပါးမျိုးများ စိုက်ပျိုးထားရှိမှုများကို ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာရှိ မျိုးကောင်းမျိုးသန့် နွေစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးထားရှိနိုင်မှု အခြေအနေများ၊ လက်ဆွဲကောက်စိုက်စက်ဖြင့် အသုံးချစိုက်ပျိုးနိုင်မှုအခြေအနေများ၊ တိုက်ရိုက်အ​စေ့ချစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးရန် ၁၀၀ ဧက လျာထားပြီး၊ နွေစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)