တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 (သိပ္ပံဘာသာ)နှင့် Grade-9 (ပထဝီဘာသာ) ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
အခြေခံပညာအတန်းများ၏ ပြီးမြောက်မှုစစ်ဆေးခြင်း နှစ်ဆုံးစာမေးပွဲ Grade-9 အား စာစစ်ဌာန(၈၈)ခုဖွင့်လှစ်၍ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၄၇၉၉)ဦး (၉၇.၈၆) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် Grade-5 အား စာစစ်ဌာန(၂၈၉)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၃၀၀၂) ဦး (၉၈.၅၂)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ Grade-5 စာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိလည်းကောင်း၊ Grade-9 စာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိလည်းကောင်း၊ တစ်နေ့လျှင် တစ်ဘာသာဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာကျောင်း(၁၀၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းရှိပြီး၊ တိုင်းခရိုင်ပညာရေးမှူးများ၏ လမ်းညွှန်မှုနှင့်အတူ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)