ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ

ရွှေတောင် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်ရှိ လူစည်ကားရာ ရွှေတောင်မြို့မ စျေးအတွင်း/အပြင် နှင့်  ရွှေမျက်မှန်ဘုရားဝန်းရှေ့၊ ဆယ်နာရီ စျေးလမ်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏  ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ "ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ"၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇) ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည် စသည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊‌ ရွှေတောင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြန့်ဝေခဲ့ကြပြီး အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် /ဆက်)