မြိတ်မြို့တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပ

မြိတ်    ဖေဖော်ဝါရီ    ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်ဆီမီးစေတီတော်တွင် (၂၁)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့်  ပထမပြန်စာမေးပွဲများကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်၊ ရေကြည်တော်ဓမ္မာရုံနှင့် စာကြည့်တိုက်တို့တွင် ယမန်နေ့ နေ့လယ်ပိုင်း က စတင်ကျင်းပခဲ့ရာ ရဟန်း၊ သာမဏေနှင့် သီလရှင် (၂၉၀)ပါး စာမေးပွဲဖြေဆိုလျက်ရှိကြပြီး စာမေးပွဲများကို တပို့တွဲလပြည့်ကျော်(၁)ရက်မှ (၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့်  ပထမပြန်စာမေးပွဲအနေဖြင့် အခြေခံအတန်း၊ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်းကို ကျင်းပလျက်ရှိရာ အခြေခံအတန်းတွင် ဝိနည်း/သုကုမာရမဂ္ဂဒီပနီ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊ ဓာတွတ္ထသာရ ဘာသာရပ်များ၊ အခြေပြုမူလတန်းတွင် ဝိနည်း/သုကုမာရမဂ္ဂဒီပနီ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊ တိကမာတိကာ ဘာသာရပ်များ၊ ပထမငယ်တန်းတွင် ဝိနည်း/ဓမ္မပဒ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊ မာတိကာ ဓာတုကထာ၊ ဘာသာပြန်၊ ပထမလတ်တန်းတွင် ဒွေမာ တိကာ/ဓမ္မပဒ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊  မာတိကာ၊ ယမက၊ ဘာသာပြန်၊ ပထမကြီးတန်းတွင် ဒွေမာတိကာ/ဓမ္မပဒ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊  အဘိဓာနာဒိ၊ ယမက၊ ပဌာန်း၊ ဘာသာပြန် စသည့်ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်။

ထို့အတူ ဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကတ်(ပ)(ဒု)၊ သီလက္ခန် (ပ)(ဒု)၊ ဓမ္မသင်္ဂဏီ(ပ)၊ အဌသာလိနီ(ဒု) ဘာသာရပ်များကို သတ်မှတ်နေ့ရက်များအတိုင်း ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ အဆိုပါစာမေးပွဲများကို အထူးကြီးကြပ်ရေးဆရာတော်(၁၀)ပါး၊ စာမေးပွဲကြီးကြပ်ရေးဆရာတော် (၁၉) ပါးနှင့် တာဝန်ရှိသူများက ကြီးကြပ်ကျင်းပလျက်ရှိရာ အခြေခံအတန်းတွင်(၁၀၉)ပါး၊ အခြေပြုမူလတန်းတွင် (၉၅) ပါး၊ ပထမငယ်တန်းတွင် အပါး(၅၀)၊ ပထမလတ်တန်းတွင်(၁၆)ပါး၊ ပထမကြီးတန်းတွင်(၁၅)ပါးနှင့် ဓမ္မာစရိယ တန်းတွင် (၅)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြကာ စာမေးပွဲများကို ဖေဖော်ဝါရီ(၂၅)ရက်မှမတ်(၂)ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)