လိပ်သိုဒေသတွင် ငရုတ်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး

လိပ်သို     ဖေဖော်ဝါရီ         ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် မိမိတို့ အိမ်ခြံဝန်းများအတွင်းတွင် ရာသီနှင့်ကိုက်ညီသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို အိမ်တိုင်းလိုလိုပင် စိုက်ပျိုးထားကြရာ  ငရုတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

ဒေသခံများမှာ စားဖိုဆောင်အတွက် ဝယ်ယူစားသုံးသော ငရုတ်သီးမှည့်များမှ မျိုးစေ့ကိုယူ၍ ပြုစုပျိုးထောင်စိုက်ပျိုးကြကြောင်း၊ အဆိုပါ ငရုတ်ပင်များကို ရေလောင်းပေါင်းသင်ကာ သဘာ၀ မြေဩဇာများကိုသာကျွေး၍ ပျိုးထောင်ကြကြောင်း၊ အသီးများ လှိုင်လှိုင်ထွက်ချိန်တွင် အစိမ်းသီးများကို စားဖိုဆောင်အတွက်အပြင် ပိုလျှံပါက ဈေးဆိုင်များတွင် ပို့ဆောင်ရောင်းချကြကြောင်း၊ အမှည့်သီးများကို နေလှန်းအခြောက်ခံကာ သိုလှောင်သိမ်းဆည်းကြကြောင်း သိရသည်။

လိပ်သိုဒေသခံများက မိမိတို့အိမ်ခြံမြေများတွင် ယာဒိုပဒေါင်ငရုတ်သီး၊ မိုးမျှော်သီး၊ ကုလားအော်သီး၊ ရုရှားသီးတို့ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြခြင်းဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ချွေတာနိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)