ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်လျှော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၇ နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ  ဈေးရောင်းဈေးဝယ်ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကိုသုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ရန် စသည့်အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်ပြည်သူများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းလျှော့ချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ပလတ်စတစ်ပစ္စည်းအစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)