စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ကျင်းပသော သူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား/သူများ၏ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။

အခမ်းအနားတွင် အစားအသောက်အကဲဖြတ်ရေး ဒိုင်ချုပ်ဖြစ်‌သော တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီလွင်မှ ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရပြည့်ဝသော အစားအသောက်များ စနစ်တကျပြင်ဆင် ချက်ပြုတ်စားသုံးတတ်စေရန်၊ သင်တန်းသား/သူများ၏ ကာယဉာဏစွမ်းရည်ပြည့်ဝစေရန်နှင့် ပျော်ရွှင်စွာလက်တွေ့ပညာသင်ယူဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲအား စီစဉ်ကျင်းပခြင်းဖြစ် ပါကြောင်း၊ အစားအစာရွေးချယ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မီးဖိုချောင်သုံးပစ္စည်းများ သန့်ရှင်းမှု၊ အာဟာရများ မဆုံးရှုံးအောင် ပြင်ဆင်ချက်ပြုတ်ခြင်း၊ ကယ်လိုရီတွက်ချက်မှုနှင့် ပါဝင်သောအာဟာရများတင်ပြခြင်း အစရှိသည့် အချက်(၁၂)ချက်ဖြင့် အကဲဖြတ်အမှတ်ပေးသွား မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ချိန် တစ်နာရီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့ (၄)ဖွဲ့မှ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်း မုံရွာ- သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းသား/သူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်ချက်ပြုတ်နေကြသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ လိုက်လံကြည့်ရှုအားပေးရာ ပြိုင်ပွဲဝင်အဖွဲ့များမှ မိမိတို့ချက်ပြုတ်ထားသော ဟင်းတစ်မျိုး စီ၏ ပါဝင်သည့်ကယ်လိုရီ၊ အာဟာရဖြစ်မှုနှင့် ကုန်ကျစရိတ်တို့အား ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် ဆုများ‌ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ‌ ပထမဆုရရှိသော တတိယနှစ် သူနာပြုအဖွဲ့အား ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ဒုတိယဆုရရှိသော (ဒုတိယနှစ်သူနာပြု) အဖွဲ့၊ တတိယဆုရရှိ‌သော ပထမနှစ်သူနာပြု (အကြီးတန်း)အဖွဲ့နှင့် နှစ်သိမ့်ဆုရရှိ‌သော  ပထမနှစ်သူနာပြု (အကြီးတန်း) အဖွဲ့တို့အား ဂုဏ်ပြု ဆု‌ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မုံရွာမြို့-သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန့်မှ ကျောင်းအုပ်ကြီး ထံ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်ချိန် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူ များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်မှ ဆုငွေကျပ် (၅)သိန်း အား ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သူနာပြု သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းသား/သူများ၊ မုံရွာမြို့-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဝန်ထမ်းများနှင့် မိသားစု နေ့လယ်စာအား ရင်းရင်းနှီးနှီး အတူတကွစားသုံးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)