ရေဦး၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ယနေ့နံနက် ၁၀ နာရီက အောင်ချမ်းသာရပ်ကွက်နေ ပြည်သူများသို့ စားဆီများလျှော့ဈေးဖြင့် ရောင်းချပေးခဲ့သည်။
စားဆီများရောင်းချပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် စားဆီငါးဆယ်ကျပ်သားကို ငွေကျပ် - ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ စုစုပေါင်းအိမ်ထောင်စု ၃၀၀ စုအတွက် ဆီပိဿာချိန် ၁၅၀ ရောင်းချပေးခဲ့ကြောင်းသိရသည်။
စားဆီရောင်းချပေးနေမှုနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူတစ်ဦးက ရင်တွင်းဆန္ဒကိုဖွင့်ဟပြောလာခဲ့ရာတွင်” ကျွန်မအပါအ၀င် ရပ်ကွက်နေပြည်သူများ အနေဖြင့် ယခုလိုကုန်ဈေးနှုန်းများ ကြီးမြင့်နေချိန် မိသားစုစားရေး မနည်းရုန်းကန် နေကြရတဲ့အချိန် နိုင်ငံတော်က တစ်ဖက်တစ်လမ်းကနေပြီး အထောက်အပံ့ဖြစ်စေဖို့ စားဆီ၀ယ်ယူသုံးစွဲနိုင်ရေး ဈေးလျှော့ရောင်းချပေးသည့်အတွက် ၀မ်းသာပါရတယ်၊ ပြင်ပဆီဈေးက တဖြေးဖြေးနဲ့တက်လာတယ်၊ ယခုဆို စားဆီတစ်ပိဿာလျှင် ငွေကျပ် ၇၉၀၀ ရှိပါတယ်၊ ပြင်ပရောင်းဈေးနဲ့ဆို ငွေကျပ်နှစ်ထောင်နီးပါး သက်သာတယ်၊ ဖြစ်နိုင်မည်ဆိုပါက တစ်အိမ်ထောင်လျှင် ဆီတစ်ပိဿာနှုန်း ရောင်းပေးစေချင်ပါတယ်” ဟုပြောပြခဲ့သည်။
သန်းသန်း (ရေဦး)