ပေါင်းတည် ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က အုပ်ဖို (၂) ရပ်ကွက်၊ ရှမ်းစုလမ်း၌ ရပ်ရွာပြည်သူများနှင့်အတူ တက်ညီလက်ညီဖြင့် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်၊၊ ပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်အသင်းများ၊ လုပ်ငန်းရှင်အသင်းများနှင့် ဌာနပေါင်းစုံအသင်းများ၊ စုစုပေါင်းအသင်း (၆)သင်းဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ယှဥ်ပြိုင် ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ထမနဲထိုးပွဲ ယှဥ်ပြိုင်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်သောအသင်းက ပထမဆုရရှိခဲ့ပြီး ဆုငွေ တစ်သိန်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယဆုရအသင်းအား ခြောက်သောင်းကျပ်၊ တတိယဆုရအသင်းအား လေးသောင်းကျပ်စီနှင့် နှစ်သိမ့်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က အသီးသီးဆုများ ချီးမြှင့်ခဲ့ကြကြောင်းနှင့် စေတနာရှင် ပြည်သူများကလည်း ဝမ်းသာပီတိဖြစ်ကာ ထပ်ဆောင်းဆုငွေများလည်း ထပ်မံဆုချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုထမနဲထိုးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ အတွင်းရေးမှူး ရဲမှူးမြင့်ဇော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေလွင်ဦး၊ အဖွဲ့ဝင်(၂) ဦးအေးကျော်၊ အဖွဲ့ဝင် (၃) မြို့နယ်( လ.ဝ.က) ဦးစီးမှူး ဦးဇော်ဝင်း၊ အကဲဖြတ်ဒိုင် ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အသင်းများ၊ လာရောက်ကြည့်ရှုသူ ပြည်သူများနှင့်အတူ အိုးစည်ဗုံမောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)