ပွင့်ဖြူ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၇၂၆၁၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ဧက ၃၈၀၈၄ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ပဲမျိုးစုံ ၇၂၆၁၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲမျိုးစုံသီးနှံစိုက်ဧက ၃၈၀၈၄ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့အထိ ပဲမျိုးစုံ ၇၂၆၁၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံတောင်သူတွေကိုလည်း ပဲမျိုးစုံသီးနှံအလိုက် သီးနှံအထွက်နှုန်းတွေ တိုးတက်စေဖို့အတွက် စိုက်နည်းစနစ်တွေ မှန်ကန်စေဖို့၊ သွင်းအားစုပစ္စည်းတွေ အချိုးကျမှန်ကန်အောင် သုံးစွဲတတ်စေဖို့နဲ့ ပိုးမွှားရောဂါကျရောက်မှုမဖြစ်စေဖို့ လိုအပ်တဲ့ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်။ အချို့ စောလျင်စွာ စိုက်ပျိုးနိုင်တဲ့ ပဲသီးနှံစိုက်ခင်းတွေကိုလည်း ဒေသခံတောင်သူတွေက နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့ စတင်သိမ်းဆည်းနေကြပါပြီ" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၁၃၂ ဧက၊ ပဲကြီး ၃၆၉၇ ဧက၊ ပဲကြား ၃၉၃ ဧက၊ စားတော် ပဲ ၃၁၉၂ ဧက၊ ကုလားပဲ ၅၂၀၅၁ ဧက၊ ပဲလွမ်း ၃၂၃၃ ဧက၊ ပဲနောက် ၄၁၇ ဧက၊ ပဲယင်း ၂၁၅ ဧက၊ ထောပတ်ပဲ ၇၇၃၅ ဧက၊ အခြားပဲ ၉၄၅ ဧက၊ စုစုပေါင်း ပဲမျိုးစုံ ၇၂၆၁၀ ဧကဖြစ်ကြောင်း၊ စိုက်ပျိုးရန်လျာထားမှုအနေဖြင့် မတ်ပဲ ၁၃၂ ဧက၊ ပဲကြီး ၄၁ ဧက၊ ပဲကြား ၃၉၁ ဧက၊ စားတော်ပဲ ၃၁၈၅ ဧက ၊ ကုလားပဲ ၂၁၈၄၃ ဧက ၊ ပဲလွမ်း ၃၂၃၂ ဧက ၊ ပဲနောက် ၄၁၈ ဧက ၊ ပဲယင်း ၂၁၄ ဧက ၊ ထောပတ်ပဲ ၇၇၃၂ ဧက ၊ အခြားပဲ ၈၉၆ ဧက ၊ စုစုပေါင်း ပဲမျိုးစုံ ၃၈၀၈၄ ဧက ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပဲမျိုးစုံစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး၊ မြေဩဇာစနစ်တကျသုံးစွဲတတ်စေရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေးအတွက် သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )