ကလေး ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက်ပိုင်းက ကားကြီးဝန်းရှေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်(၁)ပြည်၊ ဆီ(၁၀) ဆယ်သားကို စုစုပေါင်း(၄၀၀၀)ကျပ်နှုန်းဖြင့် နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ အပတ်စဉ် ရောင်းချပေးသွားရာ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိ ကြောင်းသိရသည်။
ထို့သို့ ရောင်းချပေးရာတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်နှင့် တာဝန်ရှိသူများမှ ပြည်သူများ အေးချမ်းစွာ ဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ အပတ်စဉ် ရောင်းချလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)