စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းထမနဲထိုးပွဲ တက်ရောက်အားပေး

မုံရွာ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ တပို့တွဲလပြည့်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ချင်း တွင်းခန်းမအနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ထမနဲသည် မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သလို မြန်မာတို့၏ (၁၂) လရာသီပွဲတော် များထဲတွင် တပို့တွဲလ ထမနဲပွဲသည်လည်း ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး ဒါ့အပြင် တစ်ဦး ကောင်းတစ်ယောက်ကောင်းမဟုတ်ပဲ အများစု‌ပေါင်းပြီး စည်းလုံးညီညွတ်စွာဆောင်ရွက်မှ အောင်မြင်သည့်အရာဖြစ်သောကြောင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းခြင်းနှင့် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ အောင်မြင်မှုသို့ ရောက်ရှိခြင်းဆိုသည့် အဓိပ္ပါယ်များဖြင့် စုပေါင်းထမနဲထိုးပွဲကို ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန၊စီးပွားရေးရာဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ အဖွဲ့ ၉ ဖွဲ့ခွဲကာ ပြိုင်ပွဲမဟုတ်သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကောင်းသည်ထက်ကောင်းအောင် အပြိုင်အဆိုင်ထိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံအားပေးကြည့်ရှုခဲ့သည်။

ထို့နောက် ချင်းတွင်းခန်းမအတွင်း၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်လာသူများမှ ထိုးထားသည့်ထမနဲများအား ချစ်ကြည်ရင်းနှီးစွာ အတူတကွ စားသုံးရင်း ရိုးရာထမနဲပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)