စေတုတ္တရာ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက် ပိတောက်မြိုင်ဓမ္မာရုံ၌ ယနေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပက်သက်၍ ပြည်သူ့များသိရှိရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလတို့ကို ဦးစွာရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထိုက်ထိုက်ဝေက ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝင်းကိုကိုက ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ နိုင်ငံတကာတွင် စစ်မှုမထမ်းမနေရစနစ်ကျင့်သုံးသည့် နိုင်ငံများအကြောင်းကို ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ အချက်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းက ပြည်သူ့စစ်မှုထမ်းဥပဒေများစစ်မှုထမ်းရမည် အသက်အရွယ်၊ ကာလများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းဆွေးနွေးမှုကို တက်ရောက်လာသောသူများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ တက်ရောက်လာသော ရပ်ကွက်နေပြည်သူ့များအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ အမှတ်(၂)ရပ်ကွက် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)