(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို တက်ရောက်ဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီလ ၂၅

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျရောက်သော (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၊ ကွင်းကျောင်းသစ်အနီး၊ ရာမညကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပရာ မုဒ်ဦးဝ၌ အိန္ဒုမွန်ကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။

ဆက်လက်၍ မွန်အမျိုးသားလူငယ်များက မွန်အမျိုးသားအလံတော်ကို သယ်ဆောင်လာကြပြီး မွန်အမျိုးသားအပေါင်းနှင့် ပြည်သူများက အလံတင်မည့်နေရာတွင် နေရာယူကြပြီး အလံတင်အခမ်းအနားကို ဖွင့်လှစ်ကာ မွန်အမျိုးသားအလံတော်ကို တိုင်ထိပ်သို့ လွှင့်ထူ၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များက မွန်အမျိုးသား အလံတော်အား အလေးပြုကြသည်။

သဘာပတိကြီးဖြစ်တော်မူသော အိန္ဒုမွန်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမမှ အဖွင့်ဩဝါဒမိန့်ကြားပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ပေးအပ်ခဲ့ပြီး အိန္ဒုမွန်ကျောင်းဆရာတော်မှ လက်ခံရယူကာ ဂုဏ်ပြုလက်မှတ်အား ပြန်လည်ချီးမြင့်ခဲ့သည်။

ယင်းနောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ညွှန့်ဝင်းက အမှာစကားပြောကြားပြီး  ကရင်ပြည်နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ နိုင်ဇော်မင်းဦးက သမိုင်းဝင် မွန်လူထုသို့ အခြေပြ မိန့်ခွန်းပြောကြားခဲ့သည်။ ခရားအတွင်းကျေးရွာမှ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့က ဟင်္သာယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊  ခရားအတွင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မွန်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခြင်းနှင့် လာရောက်ကြသော ပြည်သူများအား စတုဒီသာမဏ္ဍပ်တွင် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)