ဘားအံ ဖေဖော်ဝါရီ ၂၅
တပို့တွဲလသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ထမနဲထိုးသည့် လတစ်လဖြစ်သည်နှင့်အညီ ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်(တပို့တွဲလပြည့်နေ့) မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ သီရိကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တပ်ရင်းတပ်ဖွဲ့များမှ ထမနဲထိုးပြိုင်ပွဲဝင် အသင်းပေါင်း ၅၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း နှစ်စဉ်ထမနဲထိုးပြိုင်ပွဲများ ကိုကျင်းပခဲ့ပြီး စည်းလုံးညီညွတ်ခြင်း၊ ပျော်ရွှင် တက်ကြွခြင်း၊ ရိုးရာယဉ်ကျေးမှုကိုပေါ်လွင်စေခြင်း၊ အာဟာရဒါန ဖြစ်စေခြင်းဟူသည့် ဂုဏ်ပုဒ်များ ဖြင့်ပြည့်စုံအောင် ဦးတည်ကျင်းပခြင်းဖြစ်ကြောင်း၊ ထမနဲထိုးခြင်းဖြင့် ဌာနတစ်ခု နှင့်တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်စေရန် အဓိက ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး ထမနဲ ထိုးပွဲကို ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ပါဝင်ဆင်နွှဲကြပါစို့ဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၊ ကြီးကြပ်ဒိုင်များက ပြိုင်ပွဲဝင်ရန်သတ်မှတ်နေရာများတွင် နေရာယူ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲ စတင်ယှဉ် ပြိုင်နိုင်ကြောင်း မင်္ဂလာရွှေမောင်းသုံးချက်တီး၍ အချက်ပေးကြေညာခဲ့ပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေး ခဲ့ရာ ပြိုင်ပွဲဝင်ထမနဲထိုးအသင်းများက အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊အခုန်များ၊ ကရင်ရိုးရာဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေ၍ ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုး ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်ထမနဲထိုးအဖွဲ့များယှဉ်ပြိုင်မှုအပြီးတွင် ဒိုင်အဖွဲ့များ အမှတ်ပေးအကဲဖြတ် နေစဉ်ကာလတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲအထိမ်းအမှတ် ဌာနဆိုင်ရာများ၏ အနည်းဆုံးအမြင့်ပေ ၄၀ နှင့်အထက်၊ အောက်ခြေ အချင်း ၈ ပေ ရှိ မီးပုံးပျံ ၁၀ လုံးကို လွှတ်တင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အထူးဆုရရှိကြသည့် ထမနဲထိုး အဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က နှစ်သိမ့်ဆုရရှိကြသည့် ပြိုင်ပွဲဝင်ထမနဲအသင်းများကို လည်းကောင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက တတိယဆုရ ထမနဲအသင်းအားလည်းကောင်း၊ ပြည် နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းဘေဘီမြင့်က ဒုတိယဆုရထမနဲထိုးအသင်းအားလည်းကောင်း ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထမနဲထိုးအသင်းအား ငွေကျပ်(၃)သိန်းနှင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)