ပဲခူး ဖေဖော်ဝါရီ ၂၅
(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပြပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပထမဟံသာဝတီနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့တဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ယနေ့အချိန်တိုင်အောင် ကျင်းပလာခဲ့ကြတာ (၇၇) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။ မွန်တိုင်းရင်းသားများသည် ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေထိုင်လာခဲ့ကြသူများ ဖြစ်ကြပါသည်။ မွန်တိုင်းရင်းသားတို့ရဲ့ ဇာတိသွေး ဇာတိမာန် နိုးကြားတက်ကြွလာစေရန် အတွက်လည်းကောင်း၊ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများ ရေရှည်တည့်တံ့ခိုင်မြဲရေးက ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် အတွက်လည်းကောင်း၊ မိမိတို့ ယဉ်ကျေးမှုအမွေအနှစ်များကို မွန်တိုင်းရင်းသား လူငယ်မောင်မယ်များ လက်ဆင့်ကမ်းအမွေ ပေးနိုင်ရေးအတွက်လည်းကောင်း စတဲ့ရည်ရွယ်ချက်တွေနဲ့ မွန်အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပနေကြတဲ့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဂုဏ်ယူဝမ်းမြာက်မိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုက်တွန်းပြောကြားလိုတာကတော့ မြန်မာနိုင်ငံသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးသည် အလွန်အရေးကြီးသည့်အတွက် နိုင်ငံတော်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်ဖြစ်ပြီး နောင်တစ်ချိန် တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာကြမည့် မွန်တိုင်းရင်းသားလူငယ်များအနေနဲ့ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မှာကြားလိုပါတယ်။ သို့မှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ရပ်ရွာများမှသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အထိ တည်ဆောက်နိုင်မှာဖြစ်ကာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ဥက္ကဋ္ဌနိုင်စိုးသိန်းမှ မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မွန်တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းအောင်က အကအဖွဲ့တို့အား ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)