ပခုက္ကူမြို့နယ် လယ်ယာကျေးရွာရှိ စားသောက်ကုန်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောထုတ်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ရည်ရွယ်၍  ယနေ့နံနက် ၉ နာရီအချိန်က လယ်ယာကျေးရွာရှိ စားသောက်ကုန်လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဝေဠုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာရှိ ဒေသတွင်း စားသောက်ကုန်များဖြစ်သော ကိတ်နှင့် မုန့်မျိုးစုံ၊ ကြက်ဥခေါက်မုန့်၊ ဂျိုးဖြူကြော်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေး ဟောပြောကြသည်။

ထို့နောက် လုပ်ငန်းရှင်များနှင့်အပြန်အလှန်ဆွေးနွေးပြီး စားသုံးသူရေးရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဆလိုင်းကိုကီး(၃၄၀)