ချောက် ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက် ၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အမှတ် (၉)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၁၀)ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးက ကောလာဟလသတင်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ဥပဒေအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးသန့်ဇင်ထူးက စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များကိုလည်းကောင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဦးအာကာကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြည်ပထွက်ခွာခွင့်များနှင့် ပတ်သက်၍ ခွင့်ပြုပေးနေမှုအပိုင်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)