တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပုသိမ်    ဖေဖော်ဝါရီ       ၂၅

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက( ၁၀)ဧက တွင် စိုက်ပျိုးထားသည့် ဆီထွက် သီးနှံနေကြာ Super Sun-41 (၈)ဧက၊ ဆင်းရွှေကြာ-၁ (၂)ဧက ဖြစ်ထွန်းအောင်မြင်နေမှုများ ကို ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းများအား မှတ်တမ်းထားရန်၊ မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တောရကျောင်းလမ်းရှိ သန္တာရုံ ကျောင်းတိုက်အတွင်းတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များကင်းစင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြက်ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အဏ္ဏဝါသိပ္ပံသုတေသနနှင့် လေ့ကျင်းရေးစခန်းတွင် ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ပထမနှစ်  ကျောင်းသားကျောင်းသူများ အားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး ကွင်းဆင်းလေ့လာမှုအခြေအနေများ၊ နေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး မေးမြန်းခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)