ပွင့်ဖြူမြို့နယ် သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ - ၂၀၂၁ ၊ ၂၀၂၁ - ၂၀၂၂ ၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက် ၊ နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်အုန်းက အဖွင့်အမှာစကားများ ပြောကြားပြီး မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ - ၂၀၂၁ ၊ ၂၀၂၁ - ၂၀၂၂ ၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ်များအတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားအတည်ပြုရယူခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အသင်းဝင်များအား ဘဏ္ဍာရေးနှစ်အလိုက် အစုအပေါ် အမြတ်ငွေများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)