ဘုတ်ပြင်းမြို့၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ   ၂၅

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်(၆)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ ရာမညနိကာယသုခကာရီမွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်ထားသည့်နေရာများတွင်အသီးသီးနေရာယူကြပြီး မွန်အမျိုးသားအလံတော်အားလွှင့်ထူခြင်း၊ မွန်အမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် မွန်အမျိုးသား သီချင်းအား စုပေါင်းသီဆိုခဲ့ကြသည်။ မွန်အမျိုးသားအခမ်းအနား(ဗဟို) သဘာပတိမိန့်ခွန်းကို ရာမညနိကာယသုခကာရီမွန်ကျောင်း ဆရာတော် သာသနဓဇဓမ္မာစရိယဘဒ္ဒန္တဂါရဝဓဇ မှမွန်ဘာသာဖြစ် လည်းကောင်း၊နိုင်ဖေတင်က မြန်မာဘာသာဖြစ်လည်းကောင်း ဖတ်ကြားသည်။ ဆက်လက်၍ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ  မိန့်ခွန်းကို  နိုင်မင်းအောင်က မွန်ဘာသာဖြင့် လည်းကောင်း၊ နိုင်စောဦးက မြန်မာဘာသာဖြင့် လည်းကောင်း ဖတ်ကြားသည်။ ယင်းနောက်  မွန်စာပေနှင့်ယဉ်ကျေးမှုစာတမ်းကို  မိခင်လေးမွန်က  မွန်ဘာသာဖြင့် လည်းကောင်း၊ နိုင်ဌေးမြင့်က မြန်မာဘာသာဖြင့်လည်းကောင်းဖတ်ကြားသည်။

အခမ်းအနားသို့ ရာမညနိကာယသုခကာရီမွန်ကျောင်း ဆရာတော်နှင့်  မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မွန်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲအဖြစ် အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)