ကသာ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး)ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက ယခုဖွင့်လှစ်သည့် သင်တန်းသည် တိုင်းဒေသကြီးအစိုးရ၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် သီးခြားဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းကပေးသော နည်းပညာဖြင့် ပြင်ပမိသားစု ဝင်ငွေရရှိအောင် ကြိုးစားကြမည်ဆိုပါက သင်တန်းဖွင့်လှစ်ပေးရကျိုးနပ်ပါကြောင်း၊ သင်တန်းကရရှိသော နည်းပညာများဖြင့် မိမိ၏ကုန်ပစ္စည်းကို ကောင်းမွန်သော ထုတ်ပိုးမှုစနစ်ဖြင့်အနေဖြင့် ဈေးကွက်ထဲတွင် ပေါက်ရောက်အောင်မြင်အောင် ကိုယ်တိုင်ထုတ်လုပ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ပါကြောင်းနှင့် တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးမှ ဒေသတွင်းလုပ်ငန်းရှင်များအဖြစ် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသို့ တက်ရောက်ကြသော သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင် လက်ဆောင်ပစ္စည်းများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ဖုတ်နည်း စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းမှ သင်တန်းသား/ သင်တန်းသူများ ပြုလုပ်ထားသော ကိတ်မုန့်အမျိုးမျိုးနှင့် ယိုအမျိုးမျိုးတို့ကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို(၂၁-၂-၂၀၂၄)ရက်နေ့မှ (၂၅-၂-၂၀၂၄)ထိ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)