အမှတ်(၃)ဆေးဝါးစက်ရုံ(စစ်ကိုင်း) ကုန်ကြမ်းသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား

စစ်ကိုင်း နိုဝင်ဘာ ၃

စစ်ကိုင်းမြို့ မင်းကွန်းတိုက်နယ် ချောင်းပေါက်ကျေးရွာအုပ်စု ပေါက်တောကျေးရွာ အမှတ်(၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း) စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီလီမိတက် အလှကုန် ပစ္စည်း(ကုန်ကြမ်း) သိုလောင်ရုံအမှတ်(၃)တွင် နိုဝင်ဘာ(၂)ရက် ည(၁၁)နာရီ(၄၅)မိနစ်က လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များနှင့် စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူများစုပေါင်း၍ မီးငြှိမ်းသတ် ယာဉ် (၄)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီ (၁၀)မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။                                                                   

မီးလောင်မှုကြောင့် အလျား(၆၀)ပေ၊ အနံ(၈၀)ပေအာရ်စီသွပ်မိုး(၁)ထပ်သိုလှောင်ရုံနှင့်အတွင်းရှိ အလှကုန် ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ရေညှိခြောက်လိပ်အပယ်သား(၂၀)ဂရမ်အိတ်များ၊ ပလပ်စတစ် လိပ်များ၊ ပိတ်စများနှင့် ရေညှိကြိတ်စက်(၁)လုံးတို့ဆုံးရှုံးခဲ့ကာ လူနှင့်တိရစာ္ဆန်ထိခိုက်မှုမရှိကြောင်းသိရ သည်။                                              

မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အဆိုပါစက်ရုံမန်နေဂျာအား မင်းကွန်းနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

မျိုးဝင်း(ပြန်/ဆက်)