ဟားခါး ဖေဖော်ဝါရီ ၂၅
(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ဂုဏ်ပြုမိတ်ဆုံစားပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် ပွဲမှာ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် တက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပါကြောင်း ၊ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် ကော်မတီ (၁၈)ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆပ်ကော်မတီအလိုက်သော်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍သော်လည်းကောင်း အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် ပြခန်း (၁၄)ခန်းကိုပါ ခင်းကျင်းပြသနိုင်ခဲ့ပါကြောင်း ၊ ထိုကဲ့သို့ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းနား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ပေးခံရသူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ယဉ်ကျေးမှုအကအဖွဲ့များ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကျင်းပရာ ဖလမ်းချင်းရိုးရာအကအဖွဲ့နှင့် မတူပီအောက်ချင်းငှက်အကအဖွဲ့အား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ တီးတိန်ချင်း ရိုးရာအကအဖွဲ့နှင့် ဟားခါး Conglaizonh အကအဖွဲ့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ ချင်းတို့ဌာနေအကအဖွဲ့နှင့် မင်းတပ်ချင်းရိုးရာအကအဖွဲ့အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ( ခေတ္တ−ဟားခါး )၊ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်ကလည်းကောင်း ၊ ဟားခါး Sar Lam အကအဖွဲ့နှင့် ဝါးညှပ်အကအဖွဲ့တို့အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ယဉ်ကျေးမှုအကအဖွဲ့များက ရိုးရာအကနှင့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီးဒေါ်ဒိမ့်ခန့်လွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ သဘာပတိအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယဉ်ကျေးမှုအကအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန် /ဆက်)