တပို့တွဲလပြည့် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားကြီးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကား

စစ်ကိုင်း ဖေဖော်ဝါရီ ၂၅

တပို့တွဲလပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးတွင်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

“ဒီနှစ်တပို့တွဲလပြည့်နေ့ကတော့ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးမှာ အထူးစည်ကားခဲ့တဲ့နှစ်လို့ ဆိုရပါ့မယ် (စနေ)လပြည့် ဖြစ်တာလည်းပါတာပေါ့ ဘုရားဖူးပြည်သူတွေ အန္တရာယ်မဖြစ်ပွားရအောင်လည်း သက်ဆိုင်ရာလူမှုရေးအသင်းအဖွဲ့များက တောင်တက်/ တောင်ဆင်းလမ်းတွေမှာ စောင့်ကြပ်ပြီးလမ်းပြ ဆောင်ရွက်ပေးနေကြပါတယ် ရင်ပြင်တော်ပေါ် ရောက်လာတဲ့ ယာဉ်တွေကိုလည်း စနစ်တကျဖြစ်အောင် ဘုရားဂေါပကအဖွဲ့တွေကလည်း ဘရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာဘုရားဖူးနိုင်အောင် ဆောင်ရွက်ပေးပါတယ် သာသနာ့ဗိမာန်တော်ကြီး ပြီးစီးပြီဖြစ်တဲ့အတွက် ရဟန်းရှင်လူတွေ ညအိပ်ညနေ လွတ်လပ်စွာ ဘုရားဖူးမြှော်နိုင်ကြပါပြီ” ဟု ဆွမ်းဦးပုညရှင်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းကပြောပြသည်။

အလားတူ စစ်ကိုင်းမြို့၏ မြောက်ဖက်‌(၅)မိုင်ခန့်အကွာ တည်ထားသည့် ကောင်းမှုတော်စေတီ တော်မြတ်ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည် “ကျွန်မတို့က ကျောက်ပန်းတောင်းမြို့ကနေလာရောက်ပြီး မိသားစုတွေ၊ အသိမိတ်ဆွေတွေ စုပေါင်းကာ စစ်ကိုင်းမြို့မှာရှိတဲ့ သမိုင်းဝင်ဘုရားတွေကို ညအိပ်ပြီး စုံအောင်ဖူးမြှော်သွားမှာပါ စစ်ကိုင်းဘက်မှာရှိတဲ့ ဘုရားတွေ ဖူးမြှော်ချင်တာကြာပါပြီ အခုမှဘဲ ဆန္ဒတွေပြည့်ဝသွားတော့တယ် ဂေါပကပအဖွဲ့တွေ ဘုရားမှာတာဝန်ရှိတဲ့သူတွေကလည်း စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်အောင် ဆောင်ရွက်ပေးကြပါတယ်” ဟု မဇင်မေဝင်းက ပြောပြသည်။                   

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)