လှိုင်းဘွဲမြို့နယ်၌ (၇၇)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ အခမ်း အနားကျင်းပ

လှိုင်းဘွဲ  ဖေဖေါ်ဝါရီ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ ကြီးမှူးကျင်းပသော (၇၇)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်၊ ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ ဓမ္မပူဇာဆက်ကပ်လှူဒါန်းပွဲနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကော့ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ကွမ်ဘီကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရထံ ငါးပါးသီလခံယူခြင်း၊ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ထို့နောက် ကရင်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တခေမီဿရက ပရိယတ္တိသာသနာ၊ ပရိပတ္တိသာသနာ၊ပရိဝေဓသာသနာနှင့်ပတ်သက်၍ သာသနာထွန့်ကားပြန့်ပွားရေးအတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ဩဝါဒချီးမြှင့်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်း အကျိုးတော်ဆောင် အရှင်အဂ္ဂဝံသနှင့်မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာရ တို့က (၇၇)ကြိမ်မြောက် ပရိယတ္တိ စာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ဩဝါဒမြွက်ကြားခဲ့သည်။

ဆက်လက်၍ စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ ဗိုလ်မှူး ဇော်ရှိန်းအောင်က သာသနာရေးရာများနှင့်ပတ်သက်၍ လျှောက်ထားခြင်းနှင့်သာသနာ့ဝေပုလ္လအသင်းဥက္ကဋ္ဌ ဦးစောဖါးကလူးက (၇၇)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ကွမ်ဘီကျောင်းဆရာတော်က အနုမောဒနာတရားတော်များ ချီးမြှင့်ခဲ့သည်။ ထို့နောက် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)