တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျစေတီတော်မြတ်ကြီးတွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီးတွင် မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ()နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပို့တွဲလပြည့်နေ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင်တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများက ထမနဲထိုးပြိုင်ပွဲတွင် အချိန်မှီရောက်ရှိ သတင်းပို့မှု၊ သတ်မှတ်ပုံစံ မီးဖို၊ အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပါဝင်ရမည့် ပစ္စည်း မှန်ကန်မှု၊ ထမနဲ၏ အနံ့၊ အရသာ၊ အရောင်၊ နှံ့စပ်မှု၊ အပျော့အမာ၊ နပ်၊ မနပ်တို့အား သတ်မှတ်ထားသော အမှတ်ပေးစည်းမျည်းများနှင့်အညီ ကြည့်ရှုအားပေးပြီး အမှတ်ပေးအကဲဖြတ် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲကိုဆောင်ရွက်ရာ အုန်းတော(၁)ရပ်ကွက်အသင်းက ပထမဆု၊ မောင်းတိုင်(၂)ရပ်ကွက်အသင်းက ဒုတိယဆု၊ တောင်ပြင်(၂)ရပ်ကွက်အသင်းက တတိယဆုနှင့် ရွှေကြာအင်း(၁)ရပ်ကွက်အသင်းနှင့် သီလကျေးရွာအသင်းတို့က နှစ်သိမ့်ဆုများရရှိခဲ့ပြီး ဆုရရှိသော အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု ဆုကြေးငွေ သုံးသိန်းကျပ်၊ ဒုတိယဆု ဆုကြေးငွေ နှစ်သိန်းကျပ်၊ တတိယဆု ဆုကြေးငွေ တစ်သိန်းခွဲကျပ်၊ နှစ်သိမ့်ဆုများအား ဆုကြေးငွေ ရှစ်သောင်းကျပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထမနှဲထိုးအောင်ပွဲအထိမ်းအမှတ်အဖြစ် မီးပုံးပျံ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)