မြို့သစ် ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့များ၊ အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များနှင့် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးမင်းဇော်နိုင်က သမဝါယမအသင်းများအနေဖြင့် ပေးဆပ်ရန်ကျန်ရှိသည့် EXIM Bank ကြွေးကျန်များအား အမြန်ဆုံးပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ပေးဆပ်ပြီးသည့် အသင်းများအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီသီးနှံအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့် သွင်းအားစုများရယူနိုင်ကြောင်း၊ မိမိအသင်း၊ မိမိမြို့နယ်ဂုဏ်သိက္ခာမကျစေရေးအတွက် ချေးငွေများ တာဝန်ကျေပေးဆပ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများရယူပြီး နိုင်ငံတော်စီမံချက်တွင် ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်အမှုဆောင်အဖွဲ့အတွင်းရေးမှူးက လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စာရင်းစစ်အဖွဲ့ခေါင်းဆောင်မှ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများကိုလည်းကောင်း ဖတ်ကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ နှစ်ချုပ်စာရင်းစစ်ဆေးချက်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား အတည်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)