ထားဝယ် ဖေဖော်ဝါရီ ၂၄
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တနင်္သာရီ တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုအဖွဲ့ဝင်များအား တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ စာပေသည် လူတိုင်းအတွက် အသိအလိမ္မာတို့သိုမှီးရာ ဘဏ္ဍာတိုက်ကြီး ဖြစ်သကဲ့သို့ စာမတတ်ပါက အကန်းနှင့်တူသည် ဟူသောဆိုရိုးစကားရှိလေရာ စာတတ်သူပေါများလာလျှင် အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံသားများ ပေါများလာပြီး နိုင်ငံတော်အတွက် ကောင်းသောအကျိုးတရားများ ရရှိစေနိုင်ကြောင်း၊ စာမတတ်သူများသည် အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတော်နှင့် လူ့အသိုင်းအဝိုင်းအား ဆိုးသောအကျိုးဆက်များကိုသာ ရရှိစေမှာဖြစ်ကြောင်း၊ စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက်၏ဘဝ၊ လူနေမှုအဆင့်အတန်းသာမက မိသားစု၊ ရပ်ကွက်နှင့် လူ့အဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သကဲ့သို့ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စာမတတ်သူကင်းမဲ့ပြီး လူတိုင်းစာတတ်မြောက်အောင် တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီဝင်များအားလုံး မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် ကျယ်ပြန့်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများ အားလုံးအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ကော်မတီတွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)