ဘားအံ ဖေဖော်ဝါရီ ၂၄
ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၏(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား သံနှင့်သံမဏိလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင် ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်နေကြသည့် တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်လိုစိတ်ရှိအောင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ အားပေးမြှင့်တင်ဖို့လိုကြောင်း၊ မိုးရာသီတွင်ရေပေါများ၍ နွေရာသီတွင်ရေရှားပါးသည့် နေရာဒေသများတွင် ရေတွင်းရေကန်များအရေးပေါ် တူးဖော်ပေးနိုင်ရေးနှင့် နွေရာသီရေပေးဝေနိုင်ရေး ကြိုတင်ဆောင် ရွက်ထားကြရန်လိုကြောင်း၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကြပ်မတ်ဆောင်ရွက် ကြစေလိုပြီး ခရီးသွားလုပ်ငန်းအောင်မြင်အောင် ဝိုင်ဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းတွင် ကျင်းပလျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(က)အသင်းနှင့် ဘားအံပညာရေး ဒီဂရီကောလိပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကာ အဆိုပါပွဲစဉ်တွင် ဘားအံတက္ကသိုလ်(က)အသင်းက (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်းစာသင်သားဦးရေ ၁၄၅၀၀ ဦးခန့် လျာထားပြီး စာသင်ဝိုင်းတစ်ဝိုင်းလျှင် ပျှမ်းမျှစာသင်သား ၁၅ ဦး နည်းပြတစ်ဦးနှင့် စာသင်ဝိုင်း(၁၀)ဝိုင်းလျှင် ကြီးကြပ် တစ်ဦးနှုန်းဖြင့် တစ်ရက်လျှင် ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ နာရီပေါင်း ၁၂၀ ခန့် အသိပညာပေးခြင်း၊ စာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့်အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ စာသင်သားအားလုံး ရေးတတ်ဖတ်တတ်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ ဦးရဲလွင်က စာရင်းကောက်ယူရရှိမှု၊ စာသင်သား၊ စာသင်ဝိုင်း၊ နည်းပြနှင့်ကြီးကြပ်၊ ပံ့ပိုးပစ္စည်းများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်ပညာရေးမှူး ဦးစသိန်းကျော်က စာရင်းကောက်ယူရရှိမှုအခြေအနေ၊ မြို့နယ်အလိုက်လျာထားဦးရေ၊ နည်းပြလိုအပ်ချက်နှင့် ကြီးကြပ်ဦးရေလိုအပ်ချက်၊ သင်ကြားချိန်ကာလ၊ သင်ကြားရေး ဆိုင်ရာစာရွက်စာတမ်းနှင့် သင်ထောက်ကူပစ္စည်းများ ရယူဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြရာ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာခရိုင်များအလိုက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)