လိပ်သို ဖေဖော်ဝါရီ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံများအနေဖြင့် မိမိတို့၏ ခြံဝင်းအတွင်းရှိ စိုက်ပျိုးမြေများကို အလဟဿ မဖြစ်စေရန်၊ မီးဖိုချောင်စားရိတ် သက်သာစေရန် အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများကို တနိုင်တပိုင် စိုက်ပျိုးသူများ များပြားလာလျက်ရှိကြောင်း သိရသည်။
ဒေသခံအများစုမှာ မိမိတို့ အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်၊ ငရုတ်၊ ဘူး၊ ဖရုံ၊ ပဲ၊ ဂေါ်ရခါး စသည့် ဟင်းသီးဟင်းရွက်ပင်များကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။
“အရင်တုန်းကတော့ အသီးအနှံတွေကို တောင်ငူမြို့ကလာရောင်းတဲ့ ဈေးသည်တွေဆီကပဲ ဝယ်စားရတယ်၊ အခုက မီးဖိုချောင်စားရိတ်လည်းသက်သာအောင် စားဖို ဆောင်သီးနှံတွေကို တနိုင်တပိုင်စိုက်လာကြတယ်၊ သဘာဝမြေဩဇာတွေကိုပဲသုံးပြီး စိုက်တာဆိုတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်သလို လတ်လတ်ဆတ်ဆတ်လည်း စားရတယ်” ဟု စားဖိုဆောင်သီးနှံစိုက်ပျိုးသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ဆောင်းရာသီနှင့် နွေရာသီကာလ ဝင်ငွေရှားပါးချိန်တွင် စားဖိုဆောင်သီးနှံ စိုက်ပျိုးသူ ပိုမိုများပြားလာကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)