ပခုက္ကူမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပခုက္ကူ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာ မြို့မဈေးကြီးအပါအဝင် ယာယီပျံကျဈေးများ၊ မြို့ပေါ်ရပ်ကွက်များ လူနေအိမ်များ၊ ဟိုတယ်၊ မိုတယ်များ၌ ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် မီးငြှိမ်းသတ်ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးကြွင်းမီးကျန်များ စနစ်တကျငြှိမ်းသတ်ရေး၊ မီးလောင်စေသော လောင်စာများမရှိစေရေး သန့်ရှင်းရေးမပျက်ပြုလုပ် ဆောင်ရွက်ရေး၊ လျှပ်စစ်မီးများ ကိုင်တွယ်အသုံးပြုရာ၌ မီးဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျကိုင်တွယ် အသုံးပြုရေး၊ ရေလှောင်ကန်များ၌ ရေများဖြည့်တင်းထားရှိရေး စသည့်မီးဘေးလုံခြုံရေးဆိုင်ရာလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား လိုက်လံသတိပေးနှိုးဆော်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)