ဟင်္သာတ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန် ရည်ရွယ်၍ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒါဆွေနှင့် ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ယနေ့နံနက်(၈)နာရီ၌ ဟင်္သာရုပ်အဝိုင်းလမ်းဆုံနှင့် လူစည်ကားရာ စျေးများ၊ အဝေးပြေးကားဂိတ်နှင့် မြို့တွင်းကားဂိတ်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့်အသက်အရွယ်မှာ အသက် (၁၈)နှစ်မှ (၃၅)နှစ်အထိ၊ အမျိုးသမီး အသက်(၁၈)နှစ်မှ (၂၇)နှစ်အထိ ကာလအပိုင်းအခြားသတ်မှတ်ထားခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းသည် (၂၄)လ၊ တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန်နှင့် စစ်မှုထမ်းရမည့် အသက်ရောက်ရှိ၍ ကျွမ်းကျင်သူများ အချိန်ကာလ (၃၆)လ သတ်မှတ်ထားခြင်းနှင့် ဥပဒေပြဌာန်းချက်များ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန် လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်ကြောင်း နှိုးဆော်ချက်ပါ ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ရက် နေ့တွင် ပြောကြားခဲ့သည့်မိန့်ခွန်း ကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းစနစ် အဘယ်ကြောင့်ကျင့်သုံးရသနည်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင် (၄၀၀)ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)