သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

သာပေါင်း ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲကို တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်က ပြည်သူ့ပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်ရင်ပြင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအား အကဲဖြတ်ဒိုင်အဖွဲ့က “ထမနဲထိုးပြိုင်ပွဲစည်းကမ်းချက်များ” ၁။ ထမနဲထိုးမည့်ခေါင်းဆောင်နှင့် ထိုးသား(၅)ဦး၊ စုစုပေါင်း(၆)ဦး ပါဝင်ယှဉ်ပြိုင်ရန်၊ ၂။ ဒယ်အိုးကြီး(၁)လုံး(အဖုံးပါ)ယူဆောင်လာရန်၊ ၃။ ယောင်းမကြီး(၂)ချောင်း (သို့မဟုတ်) ကျူရိုးဝါး(သင့်လျော်သည့်အရာ)ကို အသုံးပြုနိုင်သည်၊ (၂)ချောင်းထက်မပိုရ၊ ၄။ မီးဖို(၁)လုံး၊ ၅။ ငှက်ပျောရွက်၊ ၆။ မီးမွှေးရာတွင် ထင်းရှူးဆီကို အသုံးပြုလိုက အသုံးပြုနိုင်သည်၊ ၇။ ဆန်ရေစိမ်ရာတွင်လည်းကောင်း၊ ထမနဲထိုးရာတွင်လည်းကောင်း ရေနွေးကိုအသုံးပြုနိုင်သည်၊ ၈။ ထမနဲအကျက်မြန်စေရန်အတွက် ကျူရိုးကိုအသုံးပြုလိုက အသုံးပြုနိုင်သည်၊ ၉။ အထက်ဖော်ပြပါ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ပါလာသည့် မီးဖိုတွင်အသုံးပြုရန်နှင့် ထမနဲထိုးပြိုင်ပွဲဝင်မည့် ပေပါပြတ်မီးဖိုကို မိမိအစီအစဉ်ဖြင့် အသုံးပြုရန်၊ ၁၀။ ပြိုင်ပွဲစတင်ချိန်မှ ပြီးဆုံးချိန်အထိ ကာလကို(၁)နာရီသတ်မှတ်ထားခြင်း၊ ၁၁။ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်သည့် အုန်းဆံကြော်၊ အုန်းဆံစိမ်း(မိမိကြိုက်နှစ်သက်ရာ)ဆန်ရေစိမ်ခြင်း၊ မြေပဲလှော်ခြင်း၊ နှမ်းလှော်ခြင်း၊ ဂျင်းလှီးခြင်းစသည်တို့ကို ကြိုတင်ဆောင်ရွက်ရန်၊ ၁၂။ ညနေ(၄:၀၀)နာရီအချိန်တွင် စတင်မီးမွှေးပြီး (၅:၀၀)နာရီအပြီး သန့်ရှင်းရေးပြုလုပ်ပြီးဖြစ်ရမည်၊ ၁၃။ ပြိုင်ပွဲစတင်ရန် အချက်ပေးသည့်အချိန်မှသာ စတင်ဆောင်ရွက်ရန်၊ ၁၄။ ပြိုင်ပွဲစတင်ချိန်မှပြီးစီးသည့်အချိန်ထိ ဒယ်ဒိုင်များမှ မှတ်တမ်းတင်အမှတ်ပေးသွားရန်၊ ၁၅။ အသင်းသားအားလုံးသည် အကဲဖြတ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကိုလိုက်နာရန်၊ ၁၆။ ဒိုင်လူကြီးများအကဲဖြတ်နိုင်ရန် ပြိုင်ပွဲဝင်မည့် နမူနာပုံစံ(၁)ပန်းကန်စီပေးအပ်ရန်၊ ၁၇။ နမူနာပေးသည့် ထမင်းပန်းကန်၏ အောက်ခြေတွင် အသင်း၏ပြိုင်ပွဲဝင်နံပါတ်ကို ရေးသားရန်။ ၁၈။ ပြိုင်ပွဲဝင်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွှတ်မှုကို အခြေခံ၍ ပါဝင်ယှဉ်ပြိုင်ရန်-စသည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်း(၅)တို့က တပျော်တပါးစည်းလုံးညီညွတ် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ စတင်ယှဉ်ပြိုင် ထမနဲထိုးကြသည်။

ထို့နောက် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရ လှေကြီးတတ်ကျေးရွာအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ(၁)သိန်း၊ ဒုတိယဆုရ အမှတ်(၁)ရပ်ကွက်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ(၇၅၀၀၀)ကျပ်၊ တတိယဆုရ  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့် ငွေ(၅၀၀၀၀)ကျပ်၊ နှစ်သိမ့်ဆု(၃၀၀၀၀)ကျပ်စီဖြင့် (၂)သင်းတို့အား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်နုနုလှိုင်နှင့် ဌာနဆိုင်ရာများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရထမနဲအသင်းများ၏ ထမနဲများကို ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)