မြန်အောင် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် မြို့မိမြို့ဖ ဦးသောင်းမြင့်တို့က ဖဲကြိုးဖြတ်၍ ထမနဲထိုးပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် ဌာနဆိုင်ရာအသင်း (၁၀) သင်းတို့က စုပေါင်းပျော်ရွှင်စွာ ထမနဲထိုးပြိုင်ကြရာ မြို့မိမြို့ဖအကဲဖြတ်ဒိုင်အဖွဲ့မှ ဆုများအသီးသီး ရွေးချယ်ပေးခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဝင်း၊ မြန်အောင်ခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း ၊မြန်အောင်မြို့နယ် မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးတို့က ပထမဆုရ အဖွဲ့အမှတ်(၃)၊ ဒုတိယဆုရ အဖွဲ့အမှတ်(၁၀)၊ တတိယဆုရ အဖွဲအမှတ်(၇)နှင့်နှစ်သိမ့်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)