ဒေးဒရဲ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရား ပြည့်စုံထက်သန်မှု၊ သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသည့် ဒေသဖြစ်စေရန် ရည်ရွယ်၍ အသစ်ပြန်လည်တည်ထားကိုးကွယ်မည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးမွန် စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အလှူရှင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တော်ကမယ်ကျေးရွာ၊ ပုပ္ပါရုံကျောင်းတိုက် နိုင်ငံတော်ဗဟိုဝန်ဆောင် ဘဒ္ဒန္တကုသလနှင့် ဆရာတော် သံဃာတော်များနှင့် ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခဲ့ပြီး ပန္နက်တော်တင်အခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်များနှင့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အလှူရှင်များက မင်္ဂလာအချိန်တွင် ပန္နက်တင်ခြင်းနှင့် အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးမွန်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကန်ဦးဇေတဝန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမီဘိဝံသ ဦးဆောင်၍ မတည်အလှူရှင်များ၊ စေတနာရှင်ပြည်သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ဉာဏ်တော် (၁၁၂)ပေ၊ (၅)လက်မရှိ စေတီတော်အား ပြည်သူ၊ ပြည်သားများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စီးပွားဥစ္စာပေါကြွယ်ဝစေရန် ရည်ရွယ်၍ အသစ်ပြန်လည်တည်ထားကိုးကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း