မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီ ပုရိဝုဏ်အတွင်း၌ စုပေါင်းထမနဲထိုးပွဲကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၂၄

မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များမှ တစ်ခုအပါအဝင်ဖြစ်သော တပို့တွဲလ ထမနဲထိုးပွဲတော်သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်စေရန်နှင့် ဝန်ထမ်း အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၄ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီ ပုရိဝုဏ် အတွင်း၌ စုပေါင်းထမနဲထိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းထမနဲထိုးပွဲတော်တွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်စိုး ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့နှင့် ရပ်ကွက်ငါးခုတို့မှ  တစ်ဖွဲ့ချင်းအလိုက် ထမနဲထိုးပွဲတော် ပျော်ရွှင်ဖွယ် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနေမှုကို ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် စုပေါင်းအဖွဲ့လိုက် ထမနဲများကို ဖေဖော်ဝါရီ ၂၄ ရက် တပို့တွဲလပြည့်နေ့ (ပါတိမောက် အခါတော်နေ့) နံနက် ၄ နာရီ အရုဏ်တက်အချိန်တွင် ဘုရားရှင်အား ရည်မှန်းကုသိုလ်ပြုကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)