မော်လိုက်မြို့၌ ၁၃၈၅ ခုနှစ် တပို့တွဲလ ထမနဲထိုး ပြိုင်ပွဲ ကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၂၃

မြန်မာ့ရိုးရာ ဓလေ့များ မမေ့လျော့ကြစေရန် ဝန်ထမ်းများနှင့် ပြည်သူများ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ထမနဲထိုး ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၂)နာရီ အချိန်က ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို စတင်ရန် ဒိုင်အဖွဲ့မှ မောင်းတီးခတ်၍ ဖွင့်လှစ်ပေးခဲ့မှ ပြိုင်ပွဲဝင် အသင်းများမှ စတင်ယှဉ်ပြိုင်ခဲ့ကြရာ ပြည်သူများက မိမိတို့၏ အသင်းယှဉ်ပြိုင်နေမှုကို အိုးစည် ဒိုးပတ်ဝိုင်းများဖြင့်  အပြိုင်အဆိုင် အားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ဌာနဆိုင်ရာ အသင်း (၄) သင်းနှင့် မြို့ပေါ်ရပ်ကွက်များမှ အသင်း(၄)သင်း စုစုပေါင်း (၈) သင်းတို့က အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်အဖွဲ့(၅)ဦးတို့က ကြည့်ရှုစစ်ဆေး အမှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က ပထမဆုရ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းကိုလည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်လတ်က ဒုတိယဆုရ ခမရ (၃၆၅) အသင်းကိုလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အသင်း(၆) သင်းတို့ကို တာဝန်ရှိသူများကလည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)