မင်းဘူး ဖေဖော်ဝါရီ ၂၄
တပို့တွဲလတွင် ထင်ရှားသော ပွဲတော်မှာ ထမနဲပွဲ ဖြစ်သည်။ တပို့တွဲလတွင် ထန်းဖူး၊ ထန်းသီးခိုင်များ တွဲလောင်းကျသည်ကို ရည်ညွှန်း၍ တပို့တွဲလဟု ခေါ်ကြသည်။ တပို့တွဲလ၏ ရာသီပန်းမှာ ပေါက်ပန်း ဖြစ်သည်။
တပို့တွဲလ၏ ထမနဲပွဲ ဖြစ်ပေါ်လာပုံမှာ မြတ်စွာဘုရားရှင် လက်ထက်ကပင်ဖြစ်ပြီး ပိဋကတ် ဝိနည်းမဟာဝါ ပါဠိတော်၌ ပြဆိုထားသည်။ တစ်ခါသော် မြတ်စွာဘုရားရှင် များစွာသော သံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌ နေသောသူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေးစသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားရှင် ကြွချီရာသို့လိုက်ပါပြီး၊ ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြသည်။
ပုဏ္ဏားတစ်ယောက်သည် ထိုကဲ့သို့ ဆွမ်း လုပ်ကျွေးလိုပါသော်လည်း မိမိအလှည့် မကျရောက်နိုင်ပါသောကြောင့် အရှင်အာနန္ဒာကို ချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့အား ဆက်ကပ်လှူဒါန်းခွင့်ရရန် လျှောက်ထား တောင်းပန်လေသည်။ ဤအကြောင်းကို အရှင်အာနန္ဒာက လျှောက်ထားရာ မြတ်စွာဘုရားရှင်လည်း ပုဏ္ဏားအလိုရှိသည့်အတိုင်း ကပ်လှူပူဇော်စေခဲ့သည်။ ဤသည်ကစ၍ ယာဂုအလှူပွဲ စတင်ပေါက်လာခဲ့သည်။
တစ်ခါက မြတ်စွာဘုရားရှင် လေနာနှိပ်စက်ခံရလေသော် အရှင်အနန္ဒာအား ယာဂုဆွမ်းခံချေဟု မိန့်တော်မူသဖြင့် မာတုကာမတစ်ဦးထံ အလှူခံရာ ထိုမာတုကာမက ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂုကိုကပ်လှူရာ လေနာ ငြိမ်းသည်ဟုဆိုသောကြောင့် ယာဂုသည် ငရုတ်၊ ကြက်သွန်၊ ချင်း၊ နှမ်းတို့ပါသော ဆန်ပြုတ်တစ်မျိုးဟု ယူဆနိုင်သည်။
မင်းတုန်းမင်းလက်ထက် ယာဂုကျိုရာ၌ ယာထဲတွင် ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ ကြက်သွန်နှင့် သစ်ကြားသီးတို့ကို ထည့်၍ ကျိုသည်ဟု ဆိုကြသည်။ ထိုယာဂုကျိုခြင်းမှာကောက်ညှင်းဆန်ကို စေးနှဲအောင် ထိုးကြရသဖြင့် ယခုခေတ်၌ ထမနဲထိုးသည်ဟု မှတ်သားရသည်။
တပို့တွဲလတွင် ဆောင်းရာသီ မကုန်သေး၍ ညဉ့်အချိန်နှင့် မိုးသောက်ယံတို့တွင် အလွန် ချမ်းအေးလှသဖြင့် ကျွဲပင်လျှင် ချိုဖျားအေးသတဲ့။ ထို့ကြောင့် နာရည်ရိုရွဲ တပို့တွဲဟု ခေါ်ဆိုကြပြီး၊ မြတ်စွာဘုရားရှင်ပင်လျှင် အေးလွန်းသောကြောင့် ခြေဖျား၊ လက်ဖျား မီးကင်တော်မူရသည်ဟု ပါဠိတော်များ၌ ဖတ်မှတ်ရသည်။ ရှေးခေတ်မြန်မာများသည် ဘုရားရှင်အား ရည်စူး၍ မီးပုံပွဲ ကုသိုလ်တစ်မျိုးကို ထည့်သွင်းကျင်းပခဲ့သည်။ တပို့တွဲလမှာ မြန်မာမှုအရ ကုံရာသီဖြစ်၍ စန်းပြည့်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်ပြီး၊ ယှဉ်သောတာရာမှာ ချိန်တာရာဖြစ်သည်။ ရာသီရုပ်မှာ ရေထမ်းသမားရုပ်ဖြစ်ကာ ရာသီပန်းမှာ ပေါက်ပန်းနှင့် လဲပန်းတို့ဖြစ်ကြပြီး ရာသီပွဲတော်မှာကား မီးပုံပွဲနှင့် ထမနဲပွဲတို့ ဖြစ်ကြသည်။ ထိုကဲ့သို့ အစဉ်အလာများကို ဖော်ထုတ်ကာ ရိုးရာဂုဏ်ကိူ ထိန်းသိမ်းသော အနေဖြင့် ယခုခေတ်တွင်လည်း ထမနဲပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိချေပါတော့သည်။
ဇေယျာထက်(မင်းဘူး)