ပွင့်ဖြူမြို့နယ်၌ မိုးကြိုနှမ်းစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးကြိုနှမ်း စိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသခံတောင်သူများ မိုးကြိုနှမ်း ရေသွင်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင်နှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ မိုးကြိုနှမ်းစိုက်ပျိုးမည့် လက်ခုပ်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာအုပ်စု၊ ယောစုကျေးရွာနှင့် သဲကုန်းကျေးရွာတို့မှ ဒေသခံတောင်သူများ မဲဇလီ ရေလွှဲဆည်ရေမှ စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရန် တောင်မုန်းလက်တံ(၂) မြောင်းဖျား ဆည်ရေသောက် ဧရိယာအတွင်းရှိ သီးနှံစိုက်ပျိုးမြေများအတွက် စိုက်ပျိုးရေရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေ ရယူသုံးစွဲရာ၌ ကျေးရွာများရှိ ရေအသုံးချသူများအဖွဲ့ (WUG) များမှ ကြီးကြပ်၍ ဆည်ရေ လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် စနစ်တကျ အကျိုးရှိစွာ သုံးစွဲကြရေး၊ စိုက်ပျိုးရေပြတ်လပ်မှုမဖြစ်စေရေး ဖြန့်ဝေဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် လာမည့် မိုးသီးနှံ စိုက်ပျိုးရာသီအတွက် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးခြင်းကို မိုးကြိုနှမ်းအဖြစ် မဲဇလီရေလွှဲဆည်ရေမှ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မဲဇလီရေလွှဲဆည်ရေမှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆည်ရေ စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးမှုကြောင့် ဒေသတွင်းရှိ တောင်သူများက ဈေးကွက်ရှိသည့် နှမ်းစိုက်ပျိုးခြင်းကို (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး အားထား စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှုရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )