ရေတာရှည်မြို့နယ်၌ နွေစပါးအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး စိုက်နည်းစနစ် ပြောင်းလဲပြုပြင်မှုများအား ကွင်းဆင်းကြည့်ရှု

ရေတာရှည် ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ နွေစပါးအတွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ရေသွင်းပျိုးထောင်ထားရှိသည့် နွေစပါးမျိုးများ စိုက်ပျိုးထားရှိမှုများကို ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၏ စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက ရေတာရှည်မြို့နယ်အတွင်း မျိုးကောင်းမျိုးသန့် နွေစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးထားရှိနိုင်မှု အခြေအနေများ၊ လက်ဆွဲကောက်စိုက်စက်ဖြင့် အသုံးချစိုက်ပျိုးနိုင်မှုအခြေအနေများ၊ မြေယာပြုပြင်ပြောင်းလဲစိုက်ပျိုးထားရှိမှုအခြေအနေများ၊ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စနစ်တကျစိုက်ပျိုးထားရှိမှု၊ ရေသွင်းစနစ်ဖြင့် ပျိုးထောင်ထားရှိကာ စိုက်ပျိုးလျက်ရှိသည့် နွေစပါးမျိုးစိုက်ခင်း စံပြကွက်များ၏အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(ရေတာရှည်)